Monday, October 10, 2016

ကြောက်ပါသည်

တကဲ့ ကိုယ့်ဘဝ
******************
"အို ဘာကိုထောက် ကြောက်ရမလဲ"
စပြီတလွဲ
ကဗျာ ထဲ မှာ
 ပြန်ဖြေ ဆဲ ဟန် မုသားသံ။

အမှန်ဆိုက
ကြောက်လှပါသည်။

ရှေ့သို့သွားဘိ နောက်ပြန်ကြည့်
ပေတိ ပေကပ်
ဒုန်းပေကပ်သပ် မရပ်မနား
ဝါးတားတား။

မကြောက်သည့်ဟန် မာမာထန်နှင့် ဒေါမာန်မူလ အကုသလစိတ်  တိတ်တိတ်လေးဆွယ် ဘေးရန်ပယ်ကင်း မျက်နှာထားတင်း နေရခြင်းကို အချင်းချင်းလူ အူစင်းသူ
အတွင်းလူ ပဲသိပါတယ်။

တပုဒ်ကဗျာ သည်လိုပါသေး
ဒေါသကြီးဟန် မာထန်ထန်နှင့် မျက်မာန်ဟန်တင်းနေထိုင်ခြင်းသည်
အရှုံးချည်းသာ  ဗာလချာတဲ့။

ဘယ်လိုနေနေ ပြောပေ မလွတ် ဟီးဟီး
ဟားဟား စကားများပြီး ပလူးပလဲနေပြန်ပါလဲ တလွဲ တွေးကြ သဘာဝမို့ ဒုက္ခကြီးသာ
ဗလာနတ္တိ လူ့အန္ဓိ ခေါ်ကြပြန်ဘိ။

ကြောက်ပါ သော်ကော သဘောအမှန် ဆိုပြန်ကလည်း တမျိုးတမည် ထင်ပါလေမည်
ခက်ရချည် သေး
ပေါက် နှယ် ကျေး။

တတ်နိုင်ဖူးလေ ခပ်တည်တည်ဖိန့် ဟိတ်ဆိုတိတ်ရန် ယောကျာ်းမာန်သုံး
အံကြိတ်ဝုန်း သော်။

အို ဘာကိုထောက် ကြောက်ရမလဲ
သဟဲဖော်ညှိ သတ္တိရှိပြီ  ချစ်သည်သဟာ
ဇွဲလဲပါသည် မကွာထပ်လောင်း ငယ်ကပေါင်းသည့် ဆွေကောင်းလုံးလ တူတကွ ဘေးကတူယှဉ် ပါခဲ့ လျှင် သော် ငါတွင်သေချာ ဘာညာ ဘာညာ
ကျန်တာ
ကဗျာအလို့အတိုင်း။    ။

ကိုဧည့်သည်
30th 6, 2016
4:50 PM

အမှိုက်

အမှိုက်
*******
အမှိုက်ကောက်ခဲ့တာ ကြာခဲ့လေပြီ။ ဆယ်စုနှစ် ကျော်ခန့်။ ယခုအချိန်ထိ ကောက်ပြီးသားအမှိုက် ကို သိမ်းမည့် သူ မရှိ။ အမှိုက် နှင့်ပတ်သက်၍ စည်ပင်သာယာ ဝန်ထမ်းများနှင့် ခဏ ခဏ ရန်ဖြစ်ဖူးသည်။ ယခုအချိန်ထိ ပြေလည် မူ မရသေးချေ။  စည်ပင် လှည်းကလေးများ နေ့စဉ် အိမ်ရှေ့က ဖြတ်ပါသည်။ အမှိုက်ပစ်ရန် စောင့်နေမှန်းသိလျှင် လှည်းကို ဒလကြမ်း အပြေးတွန်းပါသည်။ အမြဲလိုလို မမှီပါ။ နောက်က ပြေးလိုက်၍ မီလျှင် နောက်နေ့ လာသိမ်းမည်ဟု မုသားစကားဆိုပါသည်။ ယခု ထည့်မည့် အမှိုက်ကို လက်မခံပါ။ လက်ခံလိုလျှင် ငွေကြေးဖြင့်ညှိရပါသည်။ ယခင်က ၂၀၀ ကျပ်။ယခု ၅၀၀ကျပ်။ အမှိုက်များလျှင်မရပါချေ။ အမှိုက်ခွန် လည်းဆောင်ရသည် ။ အပိုကြေးလည်းပေးရသည်။  သူတို့ လာမည့် အချိန်ကိုလည်း အလစ် အငိုက် ချောင်းနေရသည်။  အလွန် ခက်ခဲပါ၏။ ထိုမျှမကသေးပါ။ အမှိုက်ကန်သို့ သွားပစ်လျှင် လည်း အမှိုက် အမျိုးအစားကိုကြည့်၍ ပစ်ခွင့်မပေးပါ။ ပစ်ခွင့် လိုချင်ပါက ညှိပါလေ။  မညှိတတ်က ရန်ဖြစ်ရပါမည်။ သို့ မဟုတ်ပါက အမှိုက်သိမ်းသူများ မရှိချိန် အလစ်အငိုက် သွားပစ်ရပါသည်။  တခါက အိမ်ရှင်းလင်းသောအခါ အမှိုက်များသဖြင့် ၁၅၀၀ကျပ်ကို ပေးခဲ့ရပါသည်  ကျေကျေနပ်နပ် မဟုတ်ပါချေ။
အဝေးရောက်မှ ရိုင်းပြစွာ အော်ဟစ်ပါသည်။ ရောင်စား၍ ရသော အမှိုက်ကိုသာ ကောက်ပါသည်။ အမှိုက်ပုံးသည် ကော်ပုံး ဖြစ်ပါက  အမှိုက်များကို မှောက်ချ သွန်ပစ်၍ ကော်ပုံးကို သာအမှိုက်ဟုသတ်မှတ်၍ ကောက်   ယူသွားသည်ကို မြင်ဖူးတွေ ဖူးကြမည်ထင်ပါသည်။   စည်ပင်သာယာသည် ရောင်းစား၍ ရသော စွန့် ပစ်ပစ္စည်းကိုသာ အမှိုက်ဟု သတ်မှတ်ပါသည်။

အမှိုက် နှင့်ပတ်သက်၍ မကြာမကြာ ရေးဖူးပါသည်။  အမှိုက်ပစ်ခြင်းနှင့်ပတ်သက်သော ကိုယ်တွေ့ ပုံပြင်များစွာရှိပါသည်။ကိုယ်ပိုင်ဘလော့ နှင့် ဖေ့ဘုတ်ပေါ်တွင်ကြိမ်ဖန်များစွာ ရေးဖူးပါသည်။
ယုံကြည်တော်မမူ လျှင် ပုံပြင်ဟုသာ မှတ်ကြပါလေ။

ကိုအောင်ဟိန်း
Dec14, 2015
11:00AM